Clean Power Energy ၏ မဂ္ဂါဝပ် ၃၀ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း အောင်မြင်စွာ ပြီးစီး
မန္တလေးတိုင်းဒေသကြီး၊ မိထ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးရှိ Clean Power Energy-CPE ၏ မဂ္ဂါဝပ် ၃၀ သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့တွင် တရားဝင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
ဓါတ်ပုံ – သပြေဝ နေရောင်ခြည်စွမ်းအင်သုံးစီမံကိန်း ဓါတ်အားခွဲစက်ရုံဝန်ထမ်းများ တာဝန်ထမ်းဆောင်နေစဉ်
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် ဒေသတွင်း စွမ်းအင်ကဏ္ဍလိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်းခြင်း နှင့် ရာသီဥတုဆင့်ကဲ ပြောင်းလဲမှုကို လျော့ပါးစေခြင်း
မြန်မာနိုင်ငံသည် ဥတု (၃) ရာသီပတ်လုံးသည် လေအား၊ နေရောင်ခြည်အားကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များ ပေါကြွယ်၀သည့် နိုင်ငံဖြစ်သည့်အလျောက် CPEသည် အဆိုပါ သဘာ၀မှရရှိသော အရင်းအမြစ်များကို ကောင်းစွာ အသုံးချပြီး နိုင်ငံအတွင်း လျှပ်စစ်စွမ်းအင်ကဏ္ဍလိုအပ်ချက်များကို တထောင့်တနေရာမှ ပံ့ပိုးဖြည့်ဆည်းရန် ကြိုးပမ်းခဲ့သည်။ ကာဗွန်ထုတ်လွှတ်မှု လုံး၀မရှိရေး ဦးတည်ချက် (Zero Carbon Mission) ဖြင့် ရေရှည်တည်တံ့သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များအား ထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် CPE သည် ၂၀၂၀ ခုနှစ်အတွင်း နိုင်ငံတော်အစိုးရ၏ တင်ဒါဖိတ်ခေါ်ချက်များအရ မြန်မာနိုင်ငံတွင်း ဒေသအသီးသီးတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ စီမံကိန်းများအတွက် တင်ဒါအဆိုတင်သွင်းကာ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ စီမံကိန်းအားဖြင့် သဘာ၀ပတ်ဝန်းကျင် ဂေဟစနစ်အပေါ်တွင် အကျိုးသက်ရောက်မှုအား အကဲဖြတ်ခြင်း (Environmental Impact Assessment – EIA) ဆိုင်ရာ သုတေတနမှတ်တမ်းများကို စီစစ်တင်ပြချက်များအရ CPE သည် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် BOO (Build Operate Own) နှင့် IPP (Independent Power Producer) စနစ်ဖြင့် သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ စီမံကိန်းကို လုပ်ဆောင်ခွင့် ရရှိခဲ့ပြီး၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် စီမံကိန်းကို စတင်ကာ အကောင်အထည်ဖော်ခဲ့သည်။ စီမံကိန်းအား အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်လည်း CPE သည် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်သက်ရောက်မှုများကို စဉ်ဆက်မပြတ်သိရှိနိုင်စေရန် သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်များနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်လျှက်ရှိသည်။ ရာသီဥတု ဆင့်ကဲ ဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်များနှင့် ပက်သက်၍ ကမ္ဘာနှင့်အဝှမ်း စိုးရိမ်ပူပန်မှုမှာ ကြီးထွားလျှက်ရှိပြီး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ပိုမိုတွင်ကျယ် ဖွံ့ဖြိုးလာစေရေးမှာ ဦးစားပေးကဏ္ဍတစ်ရပ် ဖြစ်လာသည်။ CPE သည် ကမ္ဘာနှင့်အဝှမ်း ဆောင်ရွက်နေသည့် ကမ္ဘာကြီး ပူနွေးလာမှု နှင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကို ဟန့်တားနိုင်မည့် ပဏာမခြေလှမ်းများကိုလည်း စီမံကိန်း အကောင်အထည်ဖော်နေစဉ် ကာလအတွင်း တာဝန်တစ်ရပ်အနေဖြင့် ထည့်သွင်းဆောင်ရွက်ခဲ့ပြီး၊ နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြု အကောင်အထည်ဖော်ခဲ့ခြင်းဖြင့် ရေရှည်တည်တံ့သော အနာဂတ်ကာလအတွက် သဘာ၀ပတ်ဝန်းကျင် ဂေဟစနစ်ထိခိုက်မှုကို လျော့ပါးစေမည် ဖြစ်သည်။
သပြေဝ နေရောင်ခြည်စွမ်းအင်သုံးစီမံကိန်း ဓါတ်အားခွဲရုံ
သပြေဝ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းတွင် ခေတ်မီနည်းပညာများ ပါဝင်ထည့်သွင်းထားပြီး လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း နှင့် ပင်မဓါတ်အားလိုင်းသို့ လျှပ်စစ်ဓါတ်အား ပို့လွှတ်ခြင်းတို့အား လုပ်ဆောင်ရာတွင် မြန်ဆန်ထိရောက်မှုရှိစေရန် အလေးပေးဆောင်ရွက်ထားသည်။
စီမံကိန်းဖော်ဆောင်ရာတွင် ပင်မဓါတ်အားရုံမှ သပြေဝ ဓါတ်အားခွဲရုံသို့ ချိတ်ဆက်သည့် ၃.၉၁ မိုင်အရှည်ရှိ 33Kv ဓာတ်အားလိုင်းအား တည်ဆောက်ခြင်းနှင့် ချိတ်ဆက်ခြင်းတို့မှာလည်း စီမံကိန်း တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်သည်။
သပြေဝနေရောင်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံစီမံကိန်း၏ စက်တပ်ဆင်အင်အားမှာ မဂ္ဂါဝပ် ၃၀ ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် ဒုတိယမြောက် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားထုတ်လုပ်ပေးသော ပုဂ္ဂလိက စီမံကိန်း ဖြစ်သည်။ စီမံကိန်းမှ တဆင့် တစ်ရက်လျှင် လျှပ်စစ်ဓါတ်အားယူနစ် ကီလိုဝပ်နာရီ (၂) သိန်းကျော်ခန့် ထုတ်လုပ်နိုင်ပြီး၊ တစ်နှစ်လျှင် လျှပ်စစ်ဓါတ်အားယူနစ် ကီလိုဝပ်နာရီသန်းပေါင်း (၇၀.၅၉၉) ခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။ လက်ရှိကာလတွင် နိုင်ငံအတွင်း အိမ်ထောင်စုပေါင်း (၁၀.၉) သန်း ကျော်ရှိသည့်အနက် အိမ်ထောင်စု (၆.၆) သန်းခန့်အား နိုင်ငံတော် ဓါတ်အားစနစ်မှ လျှပ်စစ်မီးပေးနိုင်ပြီဖြစ်ရာ အိမ်ထောင်စု စုစုပေါင်း၏ (၆၁) % ကို ဓါတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော်မှထုတ်ပြန်ထားသည်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးချ၍ ရပ်ရွာလူထုအား ပုံမှန် လျှပ်စစ်ဓါတ်အားစနစ်ဖြင့် မီးပေးခြင်းဖြင့် မီးထွန်းခြင်း၊ ဖုန်းအားသွင်းခြင်း၊ အီလက်ထရွန်နစ် ဖျော်ဖြေရေးစက်ပစ္စည်းများအား အသုံးချနိုင်ခြင်းတို့အား လုပ်ဆောင်နိုင်မည် သာမက အအေးခန်းထိန်းသိမ်းခြင်း၊ ရေစုပ်စက်မောင်းနှင်ခြင်း၊ လွှစက်ဖြတ်ခြင်း၊ ဆန်စက်များလည်ပတ်ခြင်း နှင့် ပြောင်းလှေ့ခြင်း ကဲ့သို့သော စက်ယန္တရားဝန်အားကို အသုံးပြု လည်ပတ်ရသည့် ဒေသန္တရ စီးပွားရေးလုပ်ငန်းများအား များစွာအထောက်အကူပြုကာ လူနေမှုဘ၀များကို ပိုမိုတိုးတက်လာစေမည် ဖြစ်သည်။
“ CPE အနေနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးချပြီး နိုင်ငံနဲ့အဝှမ်း ကျေးလက်ဒေသများပါမကျန် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီ စီမံကိန်းမှာ ထည့်သွင်းအသုံးပြုထားတဲ့
Solar Panels တွေ၊ ခေတ်မီနည်းပညာတွေဟာ ကျွန်တော်တို့ စီမံကိန်းမှတဆင့် ရာသီဥတု ဆင့်ကဲ ဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်များကို တားဆီးပြီး သန့်ရှင်းတဲ့ စွမ်းအင်ထုတ်လုပ်ဖို့၊ လေထုထဲကို ညစ်ညမ်းသောကာဗွန်မထုတ်လွှတ်စေရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ရည်ရွယ်ပါတယ်” ဟု Clean Power Energy Co., Ltd ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးဇော်ဝင်းမှ ပြောကြားခဲ့သည်။
ထို့အပြင် CPEသည် ပတ်ဝန်းကျင် ဒေသခံရပ်ရွာလူထုများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာကို တစ်ဖက်တစ်လမ်းမှ ဖန်တီးပေးနိုင်ခဲ့ပြီး၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အသိပညာနှင့် နည်းပညာကျွမ်းကျင်မှုများကိုလည်း ဝန်ထမ်းများထံ လက်ဆင့်ကမ်းပေးနိုင်ခဲ့ခြင်းဖြင့် အနီးအနား ဒေသခံ ရပ်ရွာလူနေမှုအသိုင်းအဝိုင်း၏ လူမှုစီးပွား အသက်မွေးဝမ်းကြောင်းအတွက် ကျွမ်းကျင်မှု အထောက်အပံ့ကောင်းများ ရရှိစေခဲ့ပြီး ဖြစ်သည်။
CPE သည် ပတ်ဝန်းကျင်ဒေသခံပြည်သူများအတွက် နေ့စဉ် လူနေမှုဘဝ၊ ကျန်းမာရေး၊ ပညာရေးနှင့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရန်ပုံငွေတစ်ရပ်အား မတည်လှူဒါန်းမှုများလည်း ပြုလုပ်ခဲ့သည်။
